9.11.09

110809


ဟိုးလေးတကျော်သတင်းစာ ဟစ်တိုင်ကော်လံ

xxမြို့၊ သစ်သီးခြံရပ်ကွက်၊ကုန်းမြင့်ရိပ်သာလမ်းရှိ အိမ်တစ်အိမ်မှ
အလွန်ပုပ်အဲ့သောအနံ့ဆိုးကြီးတစ်ခုသည် စနေနေ့မနက်တိုင်း
ထွက်ပေါ်လာပါသည်။ ထိုအနံ့များသည် ပတ်ဝန်းကျင်ရှိအိမ်များကို
သို့လောသို့လော အလန့်တကြား ဖြစ်စေသောကြောင့် တာဝန်ရှိသူများ
အနေနှင့် စစ်ဆေးပေးပါရန်။

ပုံ
ခပ်လန့်လန့်

-စစ်ဆေးတွေ့ရှိချက်အရ ထိုပုပ်အဲ့သောအနံ့ထွက်သော
အရာများသည် မြန်မာပြည်မှ လူအများစု စားသုံးသော
ငပိရည်ဖြစ်ပါကြောင်းနှင့် နောင်တွင် လူသူလေးပါးကင်းရှင်း
သောအချိန်တွင်သာ ချက်ပါရန် သတိပေးထားပါသည်။

တာဝန်ရှိသူ

xxမြို့၊ သစ်သီးခြံရပ်ကွက်၊ကုန်းမြင့်ရိပ်သာလမ်းရှိ အိမ်တစ်အိမ်သည်
အလွန်ဆိုးရွားသော အနံ့ထွက်ပေါ်သော အရာများကို မီးရှို့နေပါသည်။
ပတ်ဝန်းကျင်ရှိအိမ်များ အနေနှင့် အနံ့ မခံနိုင်သောကြောင့်
တားမြစ်ပေးပါရန်။

ပုံ
စန်းစန်းတင့် နှာခေါင်း (sensitive)

-စစ်ဆေးတွေ့ရှိချက်အရ ထိုဆိုးရွားသောအနံ့ထွက်သော
ပေါ်စေသော အရာများသည် မြန်မာပြည်သားများအကြိုက်
ငပိဖြစ်ပါကြောင်းနှင့် နောင်တွင် လူသူလေးပါးကင်းရှင်း
သောအချိန်တွင်သာ မီးရှို့ပါရန် သတိပေးထားပါသည်။

တာဝန်ရှိသူ

xxမြို့၊ သစ်သီးခြံရပ်ကွက်၊ကုန်းမြင့်ရိပ်သာလမ်းရှိ အိမ်တစ်အိမ်မှ
အမှိုက်ညစ်အမှိုက်ပုပ်နံ့များ၊သိုးနံ့ကဲ့သို့ အနံ့ပေါ်ထွက်လာပါသဖြင့်
ပတ်ဝန်းကျင်ရှိနေအိမ်များအတွက်ကျန်းမာရေးအတွက် စိုးရိမ်ရ
ပါသဖြင့် တာဝန်ရှိသူများအနေနှင့် စစ်ဆေးပေးပါရန်။

ပုံ
ကျန်းမာချင်သူ

-စစ်ဆေးတွေ့ရှိချက်အရ ထိုအမှိုက်နံ့သည် အမှန်စင်စစ်
ှမျှစ်ချဉ်ဟုခေါ်သော ၀ါးပင်နုများကို စွပ်ပြုတ်လုပ်နေခြင်း
နေခြင်းဖြစ်ကြောင်းနှင့် နောင်အခါတွင် အဖုံးကိုလုံအောင်
ပိတ်တည်ခြင်းနှင့် အနံ့အလွန်အကျွံမထွက်စေဖို့ ဂရုပြုရန်
သတိပေးထားပါကြောင်း။

တာဝန်ရှိသူ

xxမြို့၊ သစ်သီးခြံရပ်ကွက်၊ကုန်းမြင့်ရိပ်သာလမ်းရှိ အိမ်တစ်အိမ်သည်
sewerပိုက်မလုံသည်ကို မပြုမပြင်နေသည်ဟု သံသယရှိပါသည်။
ထိုအိမ်ရှေ့သို့ ဖြတ်လျှောက်စဉ် အနံ့များစူးစူးဝါးဝါး ထွက်ပေါ်လာပါသည်။
တာဝန်ရှိသူများအနေနှင့် စစ်ဆေးသင့်ပါကြောင်း။

ပုံ
လေကောင်းလေသန့်ရလိုသူ။

-စစ်ဆေးတွေ့ရှိချက်အရ sewerပိုက်သည် အကောင်းပကတိ
ရှိနေပြီး ထိုအနံ့မှာဓညင်းသီးဟုခေါ်သော အသီးတစ်မျိုးကို
ဲပြုတ်ပြီး ဆူးပုတ်ရွက်ဟုခေါ်သော အရွက်တစ်မျိုးကို
ကြော်သည့် အနံ့ဖြစ်ပါကြောင်းနှင့် နောင်တွင် သတိထားရန်
သတိပေးပြီး ဖြစ်ပါကြောင်း။

တာဝန်ရှိသူ

xxမြို့၊ သစ်သီးခြံရပ်ကွက်၊ကုန်းမြင့်ရိပ်သာလမ်းရှိ အိမ်တစ်အိမ်သည်
ဆေးခြောက်ဟု ထင်ရသော အရွက်များကို အထုပ်ကြီးငယ်များနှင့်
သယ်ယူ သိုလှောင်လျက်ရှိပါသည်။ တာဝန်ရှိသူများအနေနှင့် စစ်ဆေးသင့်ပါ
ကြောင်း။

ပုံ
မမူးဘူး။

-စစ်ဆေးတွေ့ရှိချက်အရ ထိုအရွက်များမှာ မြန်မာလူမျိုးများ အသဲစွဲ
ချဉ်ပေါင်ရွက်ဖြစ်ပါကြောင်း။

တာဝန်ရှိသူ။

အယ်ဒီတာမှ ပေးစာ။

နောင်တွင် xxမြို့၊ သစ်သီးခြံရပ်ကွက်၊ကုန်းမြင့်ရိပ်သာလမ်းရှိ အိမ်တစ်အိမ်နှင့်
ပတ်သတ်သော အနံ့မျာအတွက့်  တိုင်ချက်များနေရာကို သီးသန့်စီစဉ်ထားပါကြောင်းနှင့်
သတင်းစာတွင် ဖော်ပြမည်မဟုတ်တော့ပါ။
ပုံ
အယ်ဒီတာ။
အဟဲ.တကယ်မဟုတ်ပါဘူး။ စိတ်ကူးနဲ့ လျှောက်ရေးထားတာပါ။
အသိတစ်ယောက်.. ရုံးထမင်းစားခန်းမှာမျှစ်ချဉ်သွားနွှေးမိလို့ ကွန်ပလိန်းတက်ခံထိပြီး
ငြင်းခုန်ရတဲ့အကြောင်းကို ကြားရတယ်။ သူကတော့ ခပ်စွာစွာပဲ။ ငါတို့အစားအစာ ငါတို့
စားတာကနေစပြီး ပြောလိုက်တာ လူအခွင့်အရေးတွေအကြောင်းနဲ့ပါ ကိုင်ပေါက်ပစ်လိုက်တယ်တဲ့။
လူနည်းတဲ့အချိန်မှာ နွှေးဖို့ အလုပ်ကလူတွေက တောင်းပန်တယ်တဲ့။ သူရန်တွေ့တဲ့အကြောင်းကို
ဟန်ပန်နဲ့ ပြန်ပြောတာရီလဲရီရတယ်။ အမှန်အတိုင်းပြောရရင် သူနည်းနည်းလွန်တယ်။ ကြိုက်တဲ့သူ
အမြင်နဲ့တောင် အဲဒီအနံ့က နည်းနည်းဆိုးသလားလို့ ။ကိုယ်တိုင်လဲ အဲဒါတွေကို ခြံထဲမှာ ချက်နေကြမို့
ဟင်းချက်တုန်းလူခေါ် bellသံကြားရင် တစ်ယောက်ယောက်များ လာအော်တာလား။ ဘယ်အချီများ
တိုင်ခံထိမလဲလို့ ရင်မ နေရတယ်၊ ကိုယ့်အိမ်ကိုယ်ယာပေမယ့် သူများရပ်၊သူများရွာမှာမို့ သူများမျက်နှာကို
ကြည့်ရတယ်။

3.11.09

လသာညရဲ့သီချင်း


ည၈နာရီဆို ရေဒီယိုမှာ သီချင်းတောင်းတဲ့ ပရိုဂရမ်တစ်ခုရှိတယ်။ ရှေးခတ်ကနေ
အခုခေတ်အထိ သီချင်းတွေ အစုံ တောင်းသမျှကို လွှင့်ပေးလို့ အမြဲနားထောင်တယ်။
သီချင်းတောင်းတဲ့သူတွေကလဲ ဇာတ်လမ်းလေးတွေ စီကာစဉ်ကာနဲ့။ ပျိပျို့ကို
ချောင်ခိုကာ လွမ်းရပါတဲ့ ကိုကို။ ဟိုတောင်ဆီက ကြောင်ကြောင်အတွက် ပြောင်ပြောင်က
ရည်ရွယ်ပါတယ် တို့လို မျိုးပုံစံပေါ့။ ဒီဂျေလုပ်စားချင်စိတ်တောင် ပေါက်လာတယ်။ တစ်ခါက
အသိတစ်ယောက်က သီချင်းတောင်းတာနဲ့ ကြုံလို့ အပြင်မှာ ရုပ်တည်ကြီးနဲ့ အခုတော့
နုနေလိုက်တာလို့ ရီလိုက်သေးတယ်။ ဒီညတော့ အင်္ဂလိပ်စာသင်တန်း အပြန်မှာမှ
ကားထဲက ရေဒီယိုကပဲ နားထောင်လိုက်ရတယ်။ လကလဲ ဒီနေ့မှ သာလိုက်တာမှ။ လသာသာမှ
သီချင်းနားထောင်ရတာ တကယ်မိုက်တယ်။ သီချင်းတောင်းတဲ့အထဲမှာ အသက်ကိုး
ဆယ်ကျော်အဘိုးကြီးက ဒီနေ့မှာ ကျရောက်တဲ့ မင်္ဂလာသက်၇၀နှစ်မြောက်နေ့ အတွက်
သူ့ဇနီးကို ရည်ရွယ်ပြီး သီချင်းတောင်းပေးတာပါ။ တောင်းတဲ့သီချင်းက Have I told you latelyပါ။
ဒီသီချင်းကို သူတို့အတူ နားထောင်နေပါမယ်တဲ့။ သူတို့ဇာတ်လမ်းကို ပြောပြသေးတယ်။
သူတို့နှစ်ယောက်ကို ယူကာစက ပတ်ဝန်းကျင်က ကြာရှည်ခံမှာ မဟုတ်ဘူး
၃လလောက်ပဲ ခံမှာပါလို့ ပြောတယ်။ ဒါပေမယ့် အခုဆို မြေး၊မြစ်တွေ အများကြီးနဲ့
ပျော်စရာ မိသားစုကြီးကို ပိုင်ထားပါတယ်တဲ့။ အနှစ်၇၀ဆိုတာ လပေါင်း၈၄၀ပေါ့နော်။
ခန့်မှန်းထားထက် ၈၃၇လ ပိုခံတယ်လို့ ယူဆရမယ်။ ဒီအရွယ်ကြီးကျမှ ဒါတွေလုပ်တုန်းလားလို့
အပြစ်မြင်ချင်တဲ့သူလဲ မြင်မယ်ပေါ့နော်။ အိုမင်းရင့်ရော်တဲ့အထိ အမှတ်ရနေတုန်းမို့
ရိုမန်းတစ်လိုက်တာလို့ ချီးကျူးတဲ့သူလဲရှိမယ်။ အပိုအလုပ်တွေပါလို့ လှောင်ချင်လှောင်မိမယ်။
ဘာပဲဖြစ်ဖြစ်.. ဒီအရွယ်ထိ နှစ်ဦးစလုံး အသက်ရှည်ရှည်နဲ့ဒီလောက်အကြာကြီး
အတူရှိနိုင်သေးတာဝမ်းသာစရာပါ။ သူတို့အတွက် Happy anniversary!!!
photo credit

1.11.09

အတိတ်ကိုဖော်သော်


ပိုစတာမင်းသမီး-phobe cates
ညက အိပ်ချင်မူးတူးနဲ့ မို့ ဘာမှမရေးတော့တာ။ သီချင်းနဲ့ ပုံနဲ့ဘာမှမဆိုင်ပါဘူး။ facebookမှာ
တင်ထားတဲ့ သူငယ်ချင်း၊အသိ၊အစ်မတွေရဲ့ငယ်ငယ်တုန်းက ပုံတွေ လျှောက်ကြည့်ရင်း ဒီသီချင်းလေးကို
သတိရလို့ပါ။ သူတို့ပုံတွေ တင်လို့မရတဲ့အတွက် သူတို့အင်မတန်ကြိုက်တဲ့ ပိုစတာမင်းသမီးကိုပဲ
ကိုယ်စားပြု တင်လိုက်တယ်။ သူခေတ်စားတဲ့အရွယ်မှာ ကျွန်မဘယ်အရွယ်လဲတော့ မမှတ်မိတော့ဘူး။
၎တန်းနဲ့ ၆တန်းလောက်အတွင်း ရှိမလားမသိဘူး။ ကျွန်မအစ်မ၊အစ်ကိုတွေ၊ သူငယ်ချင်းတွေ သူ့ကို
သဘောကျတယ်။ သူ့ဆံပင်ပုံမျိုး အတုခိုးညှပ်တယ်။ ကျွန်မအစ်မတောင် သူ့လို့ ဆံပင်အလယ်ခွဲ၊
နားရွက်အောက်ညှပ်ပြီး ဆံပင်အရှည်တွေကို မျက်လုံးအရှေ့ တ၀ဲဝဲဖြစ်အောင် ချထားလို့ အိမ်ကဆူတာ
မှတ်မိတယ်။ အဲဒီဆံပင်နဲ့ပုံကို ရှာမတွေ့ဘူး။ ယိုးဒယားက ထုတ်တဲ့ ပိုစတာတစ်ခုမှာ ဂါဝန်အ၀ါလေး
ဝတ်ထားတဲ့ ရှေ့သွားကြီးကြီးလေးနဲ့ တရုတ်မလေးလား၊ ဂျပန်မလေးလားမသိကို ကျွန်မနဲ့ တူတယ်ပြောလို့
သူ့ပုံတွေ အခန်းထဲမှာ ၀ယ်ကပ် ရတာအမော.. အဲဒီတုန်းက ၅တန်းထင်တယ်။ တကယ်တမ်း မဲပြာနေတဲ့
ကျွန်မနဲ့ အဲဒီတရုတ်မလေး ဘာမှမဆိုင်ပါလေ။ ဘရွတ်ရှီးလ်ပုံလဲ ခေတ်စားသေးတယ်။ နည်းနည်းကြီး
လာတော့ ဆိုဖီရောဂါထပါလေရော။ အခုထိ သူ့ကိုကြိုက်တုန်းပဲ။

အတိတ်ကိုဖော်သော်..
(Big Bag)
မင်းဓါတ်ပုံလေး ရှေ့ချပြီးတော့
ယောင်လည်လည်နဲ့ ထိုင်ကြည့်မိတယ်။
မောင့်အတွက် ထာဝရ "မ"တဲ့
လက်ရေးစုတ်နဲ့ နင်ရေးပေးခဲ့။

နင့်ရဲ့ဆံပင်လဲ တိုသေးတယ်
မျက်နှာမှာလဲ ၀က်ခြံများနဲ့
အိုင်းရှဲဒိုးများ အပြည့်ခြယ်ထားတယ်
မျက်လုံးတွေကို မနည်းရှာရတယ်။

အချိန်တွေကုန်တာ မြန်လွန်းတယ်
ဆယ်စုနှစ် တစ်ခုဟာ မကြာလိုက်သလိုပဲ
ကာလာမစုံပါ အဖြူအမဲနဲ့ ဒီဓါတ်ပုံလေး
နင်ရိုက်ပေးခဲ့တယ်။

ဝက်သားတုတ်ထိုး အတူသွားစားတယ်
ပိုက်ဆံမလောက်လို့ ထွက်ပြေးဖူးပါတယ်
နင့်ရဲ့အဖေကြီး ငါနဲ့မတည့်ပါ
ကားပေါ်ကနေ ကန်ချဖူးပါတယ်။

ခိုးပြေးကာနီး ငါဝမ်းသွားတယ်
အိမ်သာထဲက ဆုတောင်း
ငါ့ကို ခွင့်လွှတ်ပါကွယ်။
ပါး သုံးခါဆင့် နင်ရိုက်ခဲ့တယ်
ငါ့အပြစ်နဲ့ငါမို့ ဘာမှမပြောရဲပါတယ်
အိမ်ကို အပြန်မှာ ပတ်တီးနဲ့
နင့်လက်သံက တကယ်ပဲပြင်းလွန်းပါတယ်
နင် မင်္ဂလာဆောင်တာ လာဖိတ်တယ်
ဒန်ပေါက်နဲ့ ကြက်သား ငါ သွားစားခဲ့တယ်။


နောက်ကြောင်းပြန်ရင် စပ်ဖြီးဖြီးနဲ့
အတိတ်ကို တွေးရင် ရုပ်ရှင်ကြည့်ရသလိုပဲ
နင့်ဓါတ်ပုံလေး ပြန်သိမ်းတော့မယ်
ငါ့မိန်းမကိုလဲ ငါကြောက်ရပါတယ်

အချိန်တွေကုန်တာ မြန်လွန်းတယ်
ဆယ်စုနှစ် တစ်ခုဟာ မကြာလိုက်သလိုပဲ
ကာလာမစုံပါ အဖြူအမဲနဲ့ ဒီဓါတ်ပုံလေး
ငါရိုက်ပေးခဲ့တယ်။

103109


ပြီးခဲ့တဲ့ တစ်လကျော်လောက်ကပဲ လက်ထပ်ကာစ သူငယ်ချင်းတစ်ယောက် သူ့ခင်ပွန်း ရှိရာကို
ရောက်လာခဲ့တယ်။ သူကမေးတယ်။ ဒီရောက်ကာစ ဘယ်လိုခံစားရလဲဟင်တဲ့။ သူဘာလို့ မေးတာလဲ
ဆိုတာကို နားလည်တယ်။ အတူနေဖို့ စောင့်ခဲ့ရတဲ့ အချိန်တွေဆိုတာ အတော်ကြာပါတယ်။ ဗီဇာဝင်တိုင်း
ပင်ပန်းလှတဲ့ စိတ်ဖိစီးမှု၊ ကြုံတွေ့ခဲ့ရတဲ့ အဆင်မပြေမှုတွေ၊ သုံးရတဲ့ ခွန်အား၊ ကျော်ဖြတ်ခဲ့ရတဲ့ အကျဉ်း
အကြပ်တွေရဲ့ အဆုံးမှာ နှစ်ဦးအတူရှိနိုင်ခဲ့ပြီပေါ့။ ပျော်ရွှင်စရာ ကောင်းတဲ့ Happy endingတစ်ခုပဲလို့
ထင်စရာပါ။ ဒါပေမယ့် လက်တွေ့မှာ အရာရာတိုင်းဟာ ထင်သလောက် မချောမွေ့ဘူး။ ချစ်သူနဲ့အတူနေရတဲ့
ဘ၀မှာ ပျော်ပါတယ်။ ဒါပေမယ့် ရေပြောင်းမြေပြောင်းမှာဖြစ်တဲ့ culture shock က အတော်နှိပ်စက်တယ်။
နောက်ပြီး အလုပ်လုပ်လာတဲ့သူတစ်ယောက် ရုတ်တရက် အိမ်မှာ နေလိုက်ရတာလဲ ခနမှာတော့
ဇိမ်ကျတယ် ထင်ပေမယ့် ရေရှည်မှာ စိတ်ဓါတ်ကျလာတယ်။ ရှာကျွေးတဲ့သူရှိတာပဲ ဘာပူစရာလိုလဲ
ဆိုပေမယ့် ပင်စင်ယူလိုက်တဲ့သူတွေမှာ ဖြစ်တဲ့စိတ်မျိုး ခံစားရတယ်။ နဂိုကတည်းက အိမ်ထောင်
သက်ကြာပြီး သားသမီးရှိသူတွေဆိုအဖို့တော့ အပြောင်းအလဲမှာ နည်းနည်းသက်သာမယ်ထင်တာပဲ။
အိမ်အလုပ် ဆိုတာလဲ သူများအမြင်မှာ ပိုက်ဆံဝင်တဲ့ အလုပ်မဟုတ်လို့ အလုပ်လို့သာ မထင်တာ။
အပြင်မှာ ငွေရှာတဲ့သူထက် ပင်ပန်းပါတယ်။ အိပ်ချိန်ကလွဲရင် အချိန်ပြည့် အလုပ်လုပ်ရတာပါ။
ခါတိုင်းလို အလုပ်ကပြန်လာ အိမ်ပြန်ရောက်ရင် မချက်စားချင်ရင် ဆိုင်မှာဝယ်စားတာမျိုး၊ အိမ်အလုပ်
မလုပ်ချင်ရင် ပစ်ထားတာမျိုး မရတော့ဘူး။ ဘယ်သူကမှ ခြိမ်းခြောက်ပြီး ခိုင်းတာမျိုးမရှိလို့ မလုပ်ပဲ နေရင်တော့ရတာပေါ့။ဒါပေမယ့် ဒါဟာ ကိုယ့်တာဝန်ဆိုတဲ့ အသိစိတ်က အမြဲအသိပေးနေတယ်။
တစ်သက်လုံးက ခြေမွေးလက်မွေးမီးမလောင်၊ ဘော်ကြော့နေလာတဲ့ (အပျင်းကြီးသူ) ကျွန်မအဖို့
ပိုဆိုးပါတယ်။ အစစအရာရာသင်ယူရတဲ့အချိန်မှာ ကို့ရို့ကားယားတွေဖြစ်ရော။ အိမ်ထောင်သည်ဘဝ
ရောက်ကာစမို့ တစ်ယောက်နဲ့တစ်ယောက် ညှိယူရတာတွေ၊ အထာမကျတာတွေပါ ပေါင်းလိုက်ရင်
ပိုဆိုးပါတယ်။ အလုပ်ရဖို့ကလဲ ရုတ်တရက်မလွယ်ပါဘူး။ ဘာသာစကားအခက်အခဲ၊ ပညာအရည်အချင်း၊
အတွေ့အကြုံပေါ် မူတည်ပါသေးတယ်။ ကိုယ်နေတဲ့နေရာရဲ့ စီးပွားရေးအခြေအနေနဲ့ အလုပ်အကိုင် အခွင့်
အလမ်းလဲ ကြည့်ရသေးတယ်။ အင်္ဂလန်ဘွဲ့လွန် ရထားတဲ့ ပရိုဂရမ်မာအတွက်တော့ အခက်အခဲ
မရှိဘူး ထင်တယ်။ (စကားချပ်- တစ်စုံတစ်ယောက်ကို မြှောက်ပေးခြင်း) အရာအရာတိုင်းဟာ အကုန်
အသစ်က ပြန်စရတာပါ။ အရင်က တစ်နေရာမှာ (သေးသေးလေးပဲဖြစ်ဖြစ်) somebody တစ်စုံတစ်ယောက်
ဖြစ်ခဲ့သေးတယ်။ အခုတော့ ဘာမှမဟုတ်သူ nobody ဖြစ်နေပြီ ဆိုတာမျိုး အတော်လေးတွေးမိပါတယ်။ ၀င်ငွေမရှိတော့တဲ့အတွက် မိဘကို ဘာမှ မကူနိုင်တော့လို့ အားနာတာမျိုး၊ ကိုယ့်ကိုကိုယ် မကျေနပ်တာမျိုး
အမြဲခံစားရတယ်။ အားငယ်တာလဲ ခနခနပါပဲ။ သူများတွေနဲ့ နှိုင်းယှဉ်ရင်း ကိုယ့်ကိုကိုယ် အသုံးမကျဘူးလို့
အပြစ်တင်မိတယ်။ ထွက်ပေါက်ရှာမရသလို စိတ်ဓါတ်ကျတယ်။ ပတ်ဝန်းကျင်၊အသိုင်းအ၀ိုင်းလဲမရှိ။
အဲဒီအချိန်တွေဟာ မုန်တိုင်းထန်တဲ့ ကာလပါပဲ။ အမြဲတမ်းတော့ မုန်တိုင်း မဟုတ်ပါဘူး။ ဒီကြားထဲမှာ
လေပြေလေးတွေလဲ တိုက်ပါတယ်။ တဖြည်းဖြည်း နေသားကျလာပြီးမှ ပြန်တည်ငြိမ်လာခဲ့တယ်။
ကိုယ့်ထက်ဆိုးတဲ့သူတွေ အများကြီးရှိသေးတာကို သတိပြုမိတယ်။ အဆင်းအတက်၊အနိမ့်အမြင့်ကို
ကြုံလာသမျှကို နှစ်ကိုယ်တည်း ရင်ဆိုင်ဖြေရှင်းရင်း လဲလိုက်၊ထလိုက်နဲ့ နှစ်နှစ်ကျော်ခဲ့ပြီ။ ဒါတောင် အစစ
အရာရာ ပုံမှန် ပြန်မဖြစ်သေးပါဘူး။ ဆိုးဆိုးဝါးဝါး တိုက်ခိုက်တာ တစ်ခုခုကြုံလာရင် အ၀ီစိအထိ ကျသွားတဲ့
စိတ်ဓါတ်ကို ပြန်ကောက်တင်ရတုန်းပဲ။ လူတိုင်းခံစားရမယ်လို့ မဆိုလိုပါဘူး။ ဒါဟာ ကျွန်မခံစားခဲ့ရခြင်း
သက်သက်ပါ။
photo credit

23.10.09

102309

ခပ်မှောင်မှောင်ပဲ
"အာရုံဦး တိုးထွက်ကာ နေ့ကို ခုန်မကူးခင်
တိမ်လွှာမှာ ဆီမီးမငြိမ်းခင်လေး
ကိုယ်ရောင်လေးယိမ်းနွဲ့ယဉ် မင်းကို မမြင်ရရင်
ဘယ်လိုနေမယ် တမ်းတ စိတ်ကူးကြည့်..."

မနက်၇နာရီဆို မိုးမလင်းသေးဘူး။ ချမ်းလဲအတော်ချမ်းတယ်။ ကောင်းကင်မှာ
အလင်းရောင် မှိန်မှိန်လေး။ ကားရပ်တဲ့ဝန်းမှာ ကားတစ်စီးနှစ်စီးပဲရှိတယ်။
လူအသွားအလာလဲ ရှင်းပြီး နည်းနည်းမှောင်တယ်။ အ၀င်ဝမှာ ရဲစခန်း
သေးသေး လေးရှိတာမို့ မစိုးရိမ်ရဘူးထင်တာပဲ။ ပြောလို့တော့ မရဘူးလေ။
ခေတ်ကာလက ကြပ်တည်းကြတော့ ရာဇ၀တ်မှုက ပေါတယ်။ ဖြစ်ချင်ရင်
ဘာမဆို ဖြစ်နိုင်တာပဲဟာ။ တစ်ယောက်တည်း လမ်းလျှောက်နေရင်း
အသဲငယ်သလိုလို ကြောက်သလိုလိုဖြစ်လာရင် သီချင်းညည်းတယ်။
ဒီထက်ပိုလန့်လာရင် အကျယ်ကြီး ဟစ်ပစ်လိုက်တာပဲ။ လူလဲရှင်းတော့
ကိုယ့်အသံအတွက် အားနာနေစရာမလိုဘူး။ မကောင်းတဲ့အကြံနဲ့
လာမယ့်သူလဲ အသံကိုလန့်ပြီး ပြေးအောင်ပေါ့။ သီချင်းတွေကို
ကိုယ်ဆိုချင်တဲ့ နေရာတွေဆိုပြီး ရောပစ်လိုက်တယ်။ တောင်ပေါ်မှာ
လက်ဝါးကပ်တိုင်တစ်ခုကို လှမ်းမြင်နေရတယ်။ ထားတဲ့သူက
ဘာရည်ရွယ်ချက်လဲမသိဘူး။ ကောင်းကင်တစ်ခုလုံး၊ တောင်တစ်လုံးလုံး
မှောင်နေတဲ့အချိန် အနက်ရောင်နောက်ခံမှာ တစ်ခုတည်းသော
အလင်းရောင်ဆိုလို့ အဲဒီလက်ဝါးကပ်တိုင် အပြည့်ထွန်းထားတဲ့ မီးအဖြူရောင်က
အတော်ကြည့်ကောင်းတယ်။ အဲဒီအလင်းရောင်လေးကြည့်မိတိုင်း
အလိုလိုဆိုမိတာက ..

"အာရုံဦး တိုးထွက်ကာ နေ့ကို ခုန်မကူးခင်

တိမ်လွှာမှာ ဆီမီးမငြိမ်းခင်လေး
ကိုယ်ရောင်လေးယိမ်းနွဲ့ယဉ် မင်းကို မမြင်ရရင်
ဘယ်လိုနေမယ် တမ်းတ စိတ်ကူးကြည့်..."

တိမ်တွေရှင်းတဲ့ တစ်ခါတစ်လေမှာတော့ ကြယ်လေးတစ်လုံးနှစ်လုံးကို တွေ့ရတယ်။
ဒီလိုကြယ်လေးတွေတွေ့ဖို့ အခွင့်အရေး သိပ်မရှိတော့ဘူး။ နှင်းတွေကျတော့မယ်ဆို
ကောင်းကင်မှာ သိပ်မှောင်သွားတော့မှာ။ တွေ့ရခဲတဲ့ ကြယ်လေးတွေကိုတောင်
နွေဦးမရောက်မချင်း တွေ့ခွင့်ရတော့မှာမဟုတ်ဘူး။ အဝေးကြီးမှာရှိတဲ့ကြယ်လေးကို
ကြည့်ရင်း... စိတ်ထဲကဟိုဟိုဒီဒီလျှောက်တွေးမိနေတယ်။
ဘ၀ဆိုတာလည်း.. လက်တွေ့နဲ့စိတ်ကူး အဝေးကြီးပါလားလို့ တွေးမိတယ်။
ရောက်နိုးနိုး မျှော်လင့်ချက်နဲ့ အဝေးကြီးဆိုတဲ့ခရီးကို မမောတမ်းသွားနေတာပဲလေ။
.
အမှောင်ယံညရဲ့ အာကာပြင် ကိုယ်တစ်ယောက်တည်းမို့ အဖော်ရှာရင်

ကြယ်ပွင့်လေးတစ်ပွင့်မြင်လာတယ်၊ ကိုယ်နဲ့နီးနီးလေးလိုပဲ.....
အပြာရောင်လွှမ်းတဲ့ ပင်လယ်ပြင် ကိုယ်ဖြတ်သန်းလို့ ခရီးတွေနှင်
ကမ္ဘာမြေအသစ်တစ်ခု ရှာဖွေစဉ် အရာရာ နီးနီးလေးထင်ခဲ့။
တကယ်တော့ အဝေးကြီးပဲ....။

အိမ်စာတွေ၊ စာမေးပွဲတွေ မရှိတဲ့နေ့၊ စိတ်ကြည်လင်တဲ့နေ့တွေမှာ

လိုချင်တာ သမီးငယ်ပေါက်စလေး၊ မွေးလိုက်တော့ အထီးတစ်ကောင်ဟေ့
ဘာပဲဖြစ်ဖြစ်.. ဒါ..တို့နှစ်ယောက်ရဲ့သားသမီး၊ ဒီလိုနဲ့ကျုပ်အသက်၅၅၊
ကျုပ်သားအသက်၂၅..မာမီတွေထဲ ဒီကောင်ပြိုင်ဖက်မရှိ။
း) လူဆိုတာ အမြဲကံမဆိုးနိုင်ဘူး၊ ကံအမြဲလည်းကောင်းမနေဘူး။
အသက်တဖြည်းဖြည်းကြီးလာ တဖြည်းဖြည်းပိုပြီးသိ။


ဘာပဲဖြစ်ဖြစ်စ်ဖြစ် ကျောင်းရှေ့ရောက်ပြီဆို..အားတင်းတဲ့အနေနဲ့
..

ဒီလိုမျိုး အိပ်ချင်၊ပျင်းရိဖွယ်၊မနက်ခင်းကို တစ်ပတ်မှာငါးရက် ကြိုးစားကျော်ဖြတ်နေပါကြောင်း။