ဘ၀မှာ.. မရပ်မနား ပြောင်းလာလိုက်တာ.. မိုင်ထောင်ချီနေပြီ။
မွေးဖွားရာဒေသကနေ ရန်ကုန်...ပြီးတော့ စကာင်္ပူ...နောက်..ယူအက်စ်ထိတောင်..ပဲ။
ဒီရောက်တော့လည်း အိမ်ငှားဘ၀မှာ တစ်အိမ်ပြီး တစ်အိမ်ပြောင်းရပြန်ရော...။
အိမ်ဝယ်လိုက်တော့ ပြောင်းရွှေ့ရတဲ့ဘ၀ကနေ လွတ်ပြီ ထင်တာ....ဘ၀ကံအကျိုးပေး
ထင်ပါရဲ။့ နောက်ထပ် ရေကြည်ရာ မြက်နုရာ.. ခပ်ဝေးဝေးမှာရှိတဲ့
နယ်မြေသစ်တစ်ခုကို ထွက်လာရပြန်တယ်။
အိမ်လေးကို အငှားတင်မယ်ကြံတော့လည်းမကိုက်... စိတ်ချရတဲ့အိမ်ငှားကရှားတယ်။
ပြီးတော့ တစ်ယောက်ယောက် စောင့်ကြည့်ပေးမှာ အဆင်ပြေမယ်....
အိမ်ဈေးတွေကလဲ ကျလာတာ ၀ယ်ဈေးရဲ့ ခေါက်ချိုးဖြစ်လာပြီ။ ဒါ့အပြင်
အကြောင်းကြောင်းတွေကြာင့် အိမ်လေးကို ပြန်ရောင်းလိုက်ရတယ်။ ရောင်းတဲ့အခါ
ပရိဘောဂတွေကို အခုနေတဲ့ Stateကို သယ်ယူဖို့ကမလွယ်။ လက်ရှိ ငှားနေတဲ့အိမ်က
သေးတော့ အကုန်လုံး ယူဖို့အဆင်မပြေ... လိုချင်တာလေးပဲ ကွက်ယူဖို့ကလည်း
သယ်ခ ဘာညာနဲ့ပေါင်းလိုက်ရင် အသစ်ဈေးနီးနီးဖြစ်နေပြီ။ ရွှေ့ပြောင်းရတဲ့ဘ၀မှာ
ဝန်ကျဉ်းကျဉ်းပဲထားတော့မယ် လို့စိတ်ကူးပြီး ကဲ.. ရှုပ်ပါတယ် အကုန်ရတဲ့ဈေးနဲ့
ရောင်းပစ်တာပဲ အေးပါတယ်လို့ ဆုံးဖြတ်လိုက်တယ်။
Craigslist ကနေပဲ ပုံတွေ တင် ကြေငြာလိုက်တယ်။ ရိုရိုသေသေ ကိုင်တွယ်ထားတဲ့
အပြင် ဈေးလဲ သင့်ရုံပဲ တောင်းတာမို့ လာဝယ်သူများပါတယ်။ တချို့လည်း မတန်တဆ
ဆစ်တာမျိုးကြုံပါတယ်။ ဘယ်နေ့ လာကြည့်မယ်လို့ ချိန်းပြီးမှ မလာတာမို့
စိတ်ကသိကအောက်ဖြစ်ရတယ်။ ဈေးကို စီးပိုးပြီး ဆစ်တာမဟုတ်ပဲ တကယ်လိုချင်ပြီး
မတတ်နိုင်လို့ ဆစ်တာမျိုးဆို...လျော့ပေးလိုက်တာပဲ။ ကိုယ်မှ မသယ်နိုင်တာလေ။
တကယ်တမ်းမှာ.. ကိုယ်က ချမ်းသာသူ မဟုတ်ပေမယ့် အကောင်းလည်း ကြိုက်သေးတော့
အိမ်အတွက် လိုအပ်တဲ့ အရာတွေ.. ပရိဘောဂကို တဖြည်းဖြည်းစုခဲ့ရတာ.. တစ်ခုချင်းအတွက်
sentimental valueတွေ ရှိတယ်လေ...။ လူတောင် သေရသေးတာပဲ . .ပြန်ဝယ်လို့ဖြစ်
တာပဲ လို့ ဖြေသိမ့်ရတယ်။
ဒါပေမယ့် တစ်ခုမှာတော့ သံယောဇဉ်မပျက်နိုင်ဘူးဖြစ်နေတယ်။ လွန်ခဲ့တဲ့ နှစ်က
ဝယ်ထားတဲ့ ထမင်းစားပွဲလေးပါ..တကယ်တမ်းက အသစ်တောင် မဟုတ်ပါဘူး။
မိသားစုလေးတစ်စုဆီမှာ မြင်မြင်ချင်း သဘောကျလို့ ၀ယ်လာခဲ့တာ။
rustic style..သပ်သပ်ရပ်ရပ် ခိုင်ခိုင်ခန့်ခန့်လေး။ မိသားစုသုံးဖို့အတွက်
ကိုယ်တိုင် လုပ်ထားခဲ့တာ။ မဖြစ်လို့သာ ရောင်းရတယ် သူ မရောင်းချင်ဘူး။
ဒါနဲ့ပဲ တောင်းတဲ့ဈေးပေးပြီး ၀ယ်လာခဲ့တယ်။ အမြဲလည်း ကောင်းကောင်းမွန်မွန်
သုံးခဲ့တယ် အဲဒါလေးကို အခု ပြန်ရောင်းရတဲ့အခါ.... ရင်ထဲမကောင်းဘူး။
တော်ရုံလူလက်ထဲမပေးချင်ဘူး ။ ဒီလိုနဲ့ ဒီစားပွဲလေးပဲ ကျန်နေခဲ့တယ်။
မနေ့ညက စုံတွဲလေးတတွဲလာကြည့်တယ်။ ကောင်မလေးက အရမ်းကြိုက်တာကို
ဟန်တောင် မဆောင်နိုင်ဘူး. ။.ဈေးမဆစ်ပဲ ၀ယ်တာနဲ့ ရောင်းလိုက်တယ်။
အခုတော့ အကုန်လုံး ရှင်းလင်းသိမ်းဆည်း ပြီးပြီ။ အိမ်ရောင်းတယ် ပြောင်းတယ်ဆိုတာ
လူအင်အား စိတ်အင်အား ကုန်ခမ်းစေတဲ့ အလုပ်ပဲ။ နောက်ပြီး ဒီဘက်မှာ
အိမ်တစ်လုံး ပြန်ဝယ်ဖို့အသစ်က ပြန်စရအုံးမယ်။ တစ်ခါတစ်လေ စိတ်ပေါက်ပေါက်နဲ့
စဉ်းစားမိတယ်။အိမ်ပြောင်းရလွန်းလို့ အိမ်ဝမှာ ပြောင်းဖူးချိတ်ထားရင်
ယတြာများကြေသွားမလားပဲ။

0 comments:
Post a Comment