အိမ်မှာက သူ့အပြင် ကလေးမရှိ၊ အလိုလိုက်တဲ့ လူကြီးတွေနဲ့ပဲ
ဆိုတော့ သူက ဗိုလ်ကျပြီး ဆိုးချင်တယ်။ သူများအရုပ်ဆို
ကစားချင်ပြီး သူ့အလှည့်ကျ မပေးချင်ဘူး။
သူများဆီက တစ်ခုခု လိုချင်ပြီဆို share ..shareနဲ့ တောင်း
တတ်တယ်။ မရရင်... pleaseဆိုတာကို အသံရှည်ထည့်ပြီး
ပြောတယ်။ လူကြီးတွေကတော့ အဲဒါလေးကို သဘောကျပြီး
ပေးတာပေါ့။ ကလေးချင်းဆိုတော့ ရန်ပွဲပဲ။ သူနဲ့ အသက်မကွာတဲ့
သူ့အစ်မ၀မ်းကွဲလေးဆီ သွားလည်တာ... ကစားစရာလုတဲ့
ရန်ပွဲပဲ ရှင်းနေရတယ်။ ဗိုလ်နှစ်ယောက် တွေ့ကြတာကိုး။
သမီးက တော်ရုံလဲကျတာ နာတာနဲ့ မငိုတတ်ဘူး။ ကလေးချင်း
ရန်ဖြစ်လို့ လက်ပါပြီး ထုကြနှက်ကြပြီဆို.... သူ့ကို သူများက
စလုပ်လဲ မငိုဘူး။ ပြန်ဆော်တာ။ သူ့ဝမ်းကွဲညီအစ်မက
သူ့ဗိုက်ကို လက်သီးနဲ့ထိုးတယ်။ သူက မငိုပဲ ခြေထောက်နဲ့
ကန်တဲ့အပြင် ခေါင်းကိုပါ ထုလိုက်တာ ဟိုက တက်မတက်
အော်ငိုရော။ သူများကို နာအောင် မလုပ်ရဘူးလို့ သူ့ကို
ပြောပြတာပဲ။ ဒါပေမယ့် သူများကို ပြန်မလုပ်တော့ သူ့ကို
ဗိုလ်ကျမှာလည်း စိုးရိမ်သေးတယ်။
ကလေးတွေနဲ့ ဆော့တဲ့အခါ ပေါင်းတတ်သင်းတတ်တဲ့စိတ်
ကလေးကို ပျိုးထောင်ပေးချင်လို့။ သူတက်မယ့် ကျောင်းက
မြို့မှာ နာမည်ကောင်းတယ်။ ကလေးတွေကို အရွယ်အလိုက်
ကိုယ်စိတ်ဖွံ့ဖြိုးအောင် ရည်ရွယ်ထားတဲ့ ကစားနည်းလေးတွေနဲ့
ကစားခိုင်းတာတဲ့။နှစ်နှစ်မပြည့်သေးတဲ့ ကလေးကို
အခုကတည်းက ကျောင်းကောင်းမှာ ထားချင်နေတဲ့
Kiasu အမေဖြစ်နေပြီထင်တယ်။ တစ်ရက်ကို သုံးနာရီနဲ့
နှစ်ရက်ပဲပို့တာပါ။ ဘာပဲဖြစ်ဖြစ် အရေးကြီးတာက
တစ်ပတ်မှာ ၆နာရီလောက် ပြောရဆိုရ လိုက်ဆွဲရ
သက်သာမယ်ပေါ့။
တကယ်တော့ သမီးလေးကို ကျောင်းပို့တာ အခုမှမဟုတ်ဘူး
သုံးလလောက်မှာ Gymboreeဆိုတဲ့ ဂီတကျောင်းလေးကို သွားဖြစ်တယ်။
အိမ်မှာ ကလေးနဲ့ပဲ တချိန်လုံးနေရတယ်။ အပေါင်းအဖော်မရှိတော့
အရမ်းငေါင်တဲ့ အကြောင်း အိုဂျီနဲ့ စကားစပ်မိတော့ သူက အဲဒီကို ညွှန်တယ်။
ကလေးနဲ့အမေ နှစ်ယောက် အတူသွားရတယ်။ တစ်ပတ်မှာ ခြောက်ချိန်၊
ကြိုက်တဲ့ အချိန်သွားလို့ရတယ်။ သီချင်းလေးတွေနဲ့ကလေး ခြေလက်
လေ့ကျင့်ခန်းလုပ်တာ၊ tummy timeလုပ်ပေးတာမျိုး။ ဆရာမတွေက
အမေတွေအတွက် ကလေးနဲ့ပတ်သတ်တဲ့ ဗဟုသုတ ရတာတွေပါ
ပြောပြပေးတယ်။ အဲဒီကျောင်းကလေးက ကလေးအတွက်ရော
အမေအတွက်ပါ ပျော်စရာကောင်းတယ်။ ကိုယ်လို ကလေးအမေတွေ၊
အဖေတွေနဲ့ တွေ့ရတော့ အတွေ့အကြုံ ဖလှယ်လို့ရတယ်။
နောက်..၆လပြည့်တော့ ဘေဘီ ရေကူးသင်တန်းပို့တယ်။
သမီးက ရေသိပ်ကြိုက်တယ်။ ရေထဲရောက်တာနဲ့ ပျော်နေတာပဲ။
ကလေးကူးကန်ထဲမှာ ဖော့လုံးလေးကို လက်မောင်းအောက်မှာ ထားလိုက်ရင်
သူ့ကို ကိုင်ထားစရာမလိုတော့ဘူး သူ့ဟာသူ ဆော့နေတာပဲ
ဘေးကနေ စောင့်ကြည့်ရုံပဲ။ သူကြီးလာရင် အားကစားဘက် ၀ါသနာ
ကောင်းပါရဲ့။ တစ်ဦးတည်းသော သမီးဆိုတော့ အစုံတတ်အောင်
သင်ပေးချင်တယ်။ ထမင်းဟင်းချက်တာက အစ၊ ကားပြင်တာအဆုံး။
သူ့ဘ၀က ဘယ်လိုလာမယ်မသိဘူး။ မွေးချင်းမရှိဘဲ ကိုယ့်ဟာကိုယ်
အားကိုးရမယ့်ဘ၀မှာ.. သူသာ သင်ယူချင်တယ်ဆို... လိုအပ်တာတွေ
အကုန်လုံး တတ်စေချင်တယ်။ အိုဗာဖြစ်ပြီး လိုတာထက် ပိုချင်လဲ
ပိုမယ်ပေါ့နော်၊ဒါဟာ အမေတစ်ယောက်ရဲ့ စေတနာပါ။

0 comments:
Post a Comment