April 6, 2015

MY GIRL 1

သမီးရဲ့ အရုပ်လေးတွေ အကြောင်း ရေးမလို့ လုပ်နေတုန်း ဓါတ်ပုံတွေ ပျောက်သွားတယ်။
USB driveတစ်ခုခုထဲမှာ မှန်းတော့သိတယ်။ ပြန်မရှာဖြစ်သေးဘူး။ တကယ်တမ်း
သမီးက အရုပ်လဲ မမက်မောပါဘူး။ ညတိုင်း သူအိပ်ခါနီး သူ့လက်လေးထဲ ဖက်ဖို့
ထည့်ပေးတဲ့ ဖားရုပ်အစိမ်းလေးကိုတော့ သူသဘောအကျသား။
ကျန်တာတွေကို ပစ်ပေါက်ဖို့၊ကိုက်ဖို့ပဲ စိတ်ဝင်စားတယ်။ မိန်းကလေးပေမယ့်
ဘောလုံးတို့ ၊ မော်တော်ကားတို့ ကြိုက်တယ်။ဈေးသွားလို့ ဘောလုံးများမြင်ရင်...
ဘောဘော...ဆိုပြီး အတင်းဝယ်ခိုင်းတာပဲ။ အိမ်မှာ မိုးပျံပူဖောင်း၊ ဘောလုံး
အကြီးအသေး၊ မျိုးစုံရှိတယ်။ ကားကျတော့ လက်ကနေ ကြိုးနဲ့ဆွဲလို့ရတာမျိုး
ကြိုက်တယ်။

သမီးလေးက စာအုပ်သိပ်ကြိုက်တာပဲ။ သူ့ကိုယ်ဝန်နဲ့တုန်းက စာအုပ်လေးတွေ
ဖတ်ပြလို့လားမသိ။ သူငယ်ငယ်တုန်းကတည်းက စာအုပ်လေးတွေပြရင်
သဘောကျတယ်။ အရုပ်ကြည့်တာနေမှာပေါ့။ အခုဆို... ညအိပ်ယာဝင်ခါနီးရင်
စာအုပ်ဖတ်ပြရတယ်။ ဖတ်ပြရတယ်သာဆိုတာပါ... ပထမ တစ်ရွက်
နှစ်ရွက်ပဲ ဖတ်ရသေးတယ်။ သူက စာရွက်တွေကို လှန်ပြီး သူ့ကလေးစကားနဲ့
ကိုယ့်ကို ဆက်ဖတ်ပြတာ။ လက်ညှိုးနဲ့လဲ ပုံတွေကို ထောက်ပြ၊ ပါးစပ်ကလဲ ၀ူးဝါးနဲ့ ။
ဘယ်သွားသွား စာအုပ်တစ်အုပ်နှစ်အုပ်လောက် ယူသွားရတယ်။ သူ သောင်းကျန်း
လာပြီဆို စာအုပ်ထုတ်ပြပြီး ပုံပြောခိုင်းလိုက်ရင် ထိန်းရသက်သာတယ်။

ခွေးလဲချစ်တယ်။ လမ်းမှာမြင်သမျှ ခွေးကို Hi, Hi doggieလို့ နှုတ်ဆက်ရတာ
အမောပဲ။သူအဲလို နှုတ်ဆက်လို့ ခွေးတွေက သူ့နားလာရင် သဘောကျတယ်။
ဟာင်များဟောင်လို့ကတော့...ဟင်းဟင်းနဲ့ မာန်မဲတဲ့အပြင် ခွေးလိုပဲ ၀ုတ်ဝုတ်နဲ့
 ပြန်ဟောင်တယ်။ ရီလဲရီရတယ်။ အိမ်က ခွေးကလေးကိုလည်း နာမည်ကောင်းကောင်း
ခေါ်တတ်တယ်။ ဘေးအိမ်က ခွေးကိုလည်း အိမ်ရှေ့ကနေ ပါပီပါပီနဲ့ သွားသွားခေါ်တာ။
ဟိုက သူ့အသံကြားရင် တအိအိနဲ့ အော်ပြီး အပြင်ထွက်ချင်တယ်။
တီဗီမကြိုက်ဘူး။ ခွေးပါတဲ့ ဇာတ်လမ်းဆို ခွေးပါတဲ့ အခန်းပဲ ငြိမ်ပြီးကြည့်တယ်။
ကာတွန်းကားလဲ မကြိုက်။ ကြောင်ကိုတော့ သိပ်စိတ်မ၀င်စားဘူး။

သူ့အတွက် LEGO ကားလေး တစ်နှစ်ခွဲနဲ့အထက် ကစားလို့ရတာကို
အီတလီသွားတုန်းက တွေ့လို့ ၀ယ်လာခဲ့တယ်။ ယူအက်စ်မှာ သုံးနှစ်အရွယ်နဲ့
အထက်တွေအတွက်ပဲ များတယ်။ အဲဒါကိုတော့ သူဆော့တယ်။
ကားလေးတွေကို စီထား ပြီးရင် ဘောလုံးနဲ့ ပေါက်တယ်။ သူ အသံထွက်တတ်တာ
၈လမှာ... ပထမဆုံးခေါ်တာ ဒက်ဒီ၊ ပြီးတော့ ဘောဘော (Ball) နဲ့ ဒေါ့ (Dog)
မာမီလို့ ခေါ်တတ်တာ ၁၅လပြည့်တော့မှ။ မေမေလို့ သင်တာ မခေါ်တတ်သေးဘူး။

နောက်မှပဲ ဆက်တော့မယ်နော်။

0 comments:

Post a Comment